Friday, December 21, 2007

Prepare for the Super Natural Power

ဒီအကြောင်းအရာ လေးက technical ပိုင်းတော့ မဟုတ်ပါဘူး။ ကျွန်တော့ စိတ်ကူး၊ အယူအဆလေး တစ်ခုကို တင်ပြ ဆွေးနွေး ကြည့်တာပါ။
ကျွန်တော်က ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ ဗုဒ္ဓ နဲ့ သူ့ရဲ့ လမ်းစဉ်တွေကိုလည်း ယုံကြည်မိတယ်။ ပြီးတော့ စိတ်ရဲ့ စွမ်းအင်၊ အကျိုးသက်ရောက်မှု mental power ကိုလည်း ကျွန်တော် အနည်းနဲ့ အများ တစ်နည်းတစ်ဖုံ တော့ ယုံကြည်တယ်။ မိရိုးဖလာ၊ ရှေးရိုးစွဲနဲ့ ယုံတာ မျိုးတော့ မဟုတ်ပါဘူး။ ဘယ်လိုပြောရမလဲ သိပ္ပံနည်းကျ နဲနဲ ဆက်စပ်ပြီး ယုံတယ်ပဲ ပြောရမလားပဲ။

ကျွန်တော် ယုံကြည်တဲ့ စိတ်ရဲ့ စွမ်းအင်ဆိုတာ တစ်ခြားသူများတွေ ပြောသလို မှော်တွေ၊ ဂမ္ဘီရတွေ၊ တန်ခိုးတွေကို ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် လောကကြီးမှာ ကျွန်တော်တို့ မမြင်၊ မသိနိုင်သေးတဲ့ စွမ်းအင်တစ်မျိုး (လှိုင်း) တွေ ရှိနေသေးတယ် ဆိုတာ လက်ခံမိတယ်။ အရင်တုန်းက ကျွန်တော်တို့ radio wave တွေကို မသိခင်တုန်းက မသုံးတတ် ခဲ့ဘူးလေ။ ဟော.. ဒီနေ့ သိလာတော့ အကျိုးရှိရှိ လိုသလို အသုံးချပြီး data တွေ အဝေးကြီးကို လှမ်းပို့လို့ ရနေပြီလေ။ ဒီလိုပဲ စိတ်မှာလည်း မသိနိုင်သေးတဲ့ စွမ်းအင် (wave) တွေ ရှိနေမယ်လို့ ကျွန်တော် ယုံတယ်ဗျာ။ အဲဒီ စိတ်စွမ်းအင်ကြောင့် ဖြစ်လာတဲ့ သက်ရောက်မှု တစ်ခုကလည်း ဒီလောကကြီးမှာ ရှိနေတယ်လို့ ယုံကြည်မိတယ်။

ဥပမာဗျာ- ကျွန်တော်တို့ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ တစ်ကယ်တမ်း ဘယ်လိုမှ မှန်းကြည့်လို့ မရနိုင်ဘူးလေ။ ဘာဖြစ်မယ် ဆိုတာလဲ ပြောလို့ မရနိုင်ပါဘူး။ အဲဒီ ကြိုတင် မှန်းဆလို့ မရနိုင်တဲ့ ကိစ္စတွေကို ဘာက ဖန်တီး ကြိုးကိုင် ထားသလည်း။ ဘာအပေါ်မှာ မူတည်နေသလည်း။ သိပံ္ပနည်းကျ စဉ်းစားမယ်ဆိုရင် ကမ္ဘာက နေကို ပါတ်တယ်။ လက ကမ္ဘာကို ပါတ်တယ်။ အဲဒီလို ပါတ်နေအောင် ထိန်းချုပ်ထားတဲ့ စွမ်းအင်က ဘာလဲ။ ဘာကြောင့် ကမ္ဘာက နေကို (၃၆၅) ရက်မှာ တစ်ပါတ်ပါတ်ရတာလဲ။ ပြီးတော့ လူ(၁၀) ယောက် စီးသွားတဲ့ ကားမှောက်တယ်။ (၅)ယောက် သေသွားတယ် ဆိုပါစို့။ အဲဒီ (၅)ယောက်က ဘာလို့ သေပြီး၊ ကျန်တဲ့ (၅)ယောက်က ဘာလို့ ရှင်ရတာလဲ။ ကျွန်တော် တွေးကြည့်မိတာကို ပြောပြတာပါ။ ဒါတွေကို ချုပ်ကိုင် ထိန်းချုပ်ထားတဲ့ ကျွန်တော်တို့ မမြင်၊ မသိနိုင်တဲ့ စွမ်းအင်ကို တစ်ချို့သော သိပ္ပံ ပညာရှင် တွေက Super Natural Power လို့ ခေါ်ဆို သတ်မှတ်လိုက်ပါတယ်။ အဲဒီ စွမ်းအင်ကြီးကို သိဖို့၊ နားလည်ဖို့ ကျွန်တော်တို့ လူသားတွေ အနေနဲ့ အခုလောလောဆယ် အခြေအနေမှာ အရမ်းကို အလှမ်းဝေးကွာ လွန်းနေပါသေးတယ်။

မတူညီသော ဘာသာရေး အယူဝါဒ တွေအရ အဲဒီ Super Natural Power ကြီးကို အမျိုးမျိုး သတ်မှတ်ကြပါတယ်။ ဗုဒ္ဓဘာသာ က “ကံ” လို့ သတ်မှတ်တယ်။ ခရစ်ယာန် ဘာသာဝင်တွေက အဲဒီ ကျွန်တော်တို့ လောကကြီးကို ထိန်းချုပ်ထားတဲ့ စွမ်းအင်ကို GOD လို့ ယူဆ သတ်မှတ် တယ်လေ။ ဒီလိုပါပဲ တစ်ခြားသော ဘာသာတွေကလည်း အလွန် တန်ခိုးကြီးမားသော ဘုရားရှင် တစ်ခုရယ်လို့ သတ်မှတ်ကြတာပဲလေ။ ဟုတ်တယ် မဟုတ်လား။

ကျွန်တော်ကတော့ ဘာသာရေးကို သေသေချာချာ မလိုက်နိုင်သေးပါဘူး။ ဒီတော့ သိပ္ပံပညာက ပြောသလိုပဲ လတ်တလောမှာ ကျွန်တော်တို့ မှန်းဆလို့၊ တွေးကြည့်ဖို့ မဖြစ်နိုင်သေးတဲံ Super Natural Power ကြီး တစ်ခုလို့ပဲ ယူဆပါတယ်။ ဒါဖြင့်ရင် အဲဒီ Super Natural Power ကြီးကို စိတ် ရဲ့ အလွန် သိမ်မွေ့၊ နူးညံ့ပြီး မမြင်နိုင်တဲ့ စွမ်းအားနဲ့ ထိန်းချုပ်လို့ ရနိုင်မလား။ ကျွန်တော့အနေနဲ့ တိတိကျကျ မပြောနိုင်၊ သက်သေမပြနိုင်ပေမယ့် တစ်နည်း တစ်ဖုံအားဖြင့်တော့ ရနိုင်တယ်လို့ ယုံကြည် မိတာပဲဗျာ။ ဒါကိုက ကျွန်တော်တို့ ဘာသာတရား အမျိုးမျိုးမှာ ဖြစ်ပေါ်နေတဲ့ ယုံကြည်မှု စွမ်းအင်ပဲလေ။ ကျွန်တော်တို့ စိတ်ထဲက တစ်ခုခု အပေါ်မှာ တစ်ကယ်ကို လေးလေးနက်နက်၊ နက်နက်ရှိုင်းရှိုင်း ယုံကြည်တယ် ဆိုရင် အဲဒီ Super Natural Power ကြီး အပေါ်မှာ ထူးခြားတဲ့ သက်ရောက်မှု တစ်ခုခုတော့ ရှိကို ရှိမယ်လို့ ထင်မိတယ်။ စိတ်ရဲ့ နက်ရှိုင်းစွာ ယုံကြည်မှုကြောင့် Power တစ်ခုကို ရလိုက်တယ်လို့ ပြောရမလားပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ကျွန်တော်တို့ လူတွေ၊ သတ္တ၀ါတွေ သေပြီးရင် ဘာဖြစ်မလဲ။ နောက်ဘ၀ ဆိုတာ ရှိလား၊ မရှိဘူးလား။ ဒါတွေကို ကျွန်တော်တို့ မသိနိုင်ဘူးလေ။ ဘယ်သူမှလည်း တစ်ကယ်တမ်း တိတိကျကျ မပြောနိုင်၊ မသိနိုင်တာ အမှန်ပါပဲ။ ဒီတော့ တစ်ခြား တစ်ဖက်မှာ ဘာရှိမှန်း မသိတဲ့ နံရံ တစ်ခုရဲ့ ဟိုမှာဘက်ကို သွားမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ စဉ်းစား ကြည့်သင့်တာက ဘာမှ မရှိရင်တော့ ကောင်းတာပေါ့။ တစ်ကယ်လို့များ တစ်ခုခု ရှိခဲ့မယ်ဆိုရင် ရင်ဆိုင် နိုင်အောင် လက်နက်၊ ကိရိယာ တစ်ခုခုကို ယူသွားနိုင်၊ သယ်သွားနိုင်ရင် မကောင်းဘူးလားဗျာ။

တမလွန်” လို့ ခေါ်ဆိုနေကြတဲ့ လူတိုင်း တစ်နေ့မှာ မလွဲမသွေ ကြုံတွေ့ရမယ့်၊ ဘာရယ်လို့ မသိ၊ ဘာရှိမှန်းလည်း မသိတဲ့ အဲဒီနေရာကို သွားဖို့အတွက် ကျွန်တော်တို့တွေ ဘက်က ကုသိုလ် ကောင်းမှု၊ မေတ္တာတရား၊ သီလ (စင်ကြယ်သန့်စင်ခြင်း)၊ မိမိကိုယ်ကို ယုံကြည်ခြင်း ဆိုတဲ့ Super Natural Power ကြီးကို ရင်ဆိုင်ဖို့ အကောင်းဆုံးလို့ (လောလောဆယ်) မှာ ယူဆလို့ရတဲ့ လက်နက်၊ ကိရိယာတွေကို အခုထဲက ပြင်ဆင်ပြီး နောင်တစ်ချိန်မှာ ယူသွားနိုင်မယ်ဆိုရင် မကောင်းဘူးလားဗျာ……။

Wednesday, December 19, 2007

Linux : The Main Fighter for Windows

Microsoft Windows OS တွေကို သုံးရတာ ရိုးအီနေတာနဲ့ အသစ် အဆန်းလေး ဖြစ်အောင်လို့ Linux OS ကို စမ်းသုံးကြည့်ဖို့ ကြိုးစား ခဲ့ပါတယ်။ အရင်တုန်းကလည်း Linux ကို နဲနဲတော့ install လုပ်ပြီး စမ်းသုံးခဲ့ ဖူးပါတယ်။ ဈေးကွက် ထဲမှာ တွေ့ရတဲ့ Linux OS တွေ ကလည်း အများကြီးပဲလေ။ Red Hat, Fedora, SuSe, Debian, Knoppix, Mandrake, Turbo စသည်ဖြင့် စုံနေတာပဲ။ ကျွန်တော်က လောလောဆယ် စမ်းရုံပဲ စမ်းကြည့်ချင်တာ ဆိုတော့ hard disk ထဲကို install လုပ်စရာ မလိုတဲ့ live အမျိုးအစား တွေကိုပဲ ရှာကြည့်မိတာပေါ့။ ဒီတော့ ပထမ Knoppix Linux 5.1 ကို စမ်းကြည့်ပါတယ်။ သူက hard disk ထဲကို install လုပ်စရာ မလိုပဲနဲ့ CD ကနေ တိုက်ရိုက် boot လုပ်လိုက်တာနဲ့ OS တစ်ခါထဲ တက်လာပြီး စမ်းသုံးလို့ ရတယ်လေ။ အရင်က စမ်းဖူးတဲ့ Knoppix 3 ထက်တော့ အများကြီး ပိုကောင်းလာပါတယ်။ ဒါပေမယ့် Windows ကို သုံးရတာလောက် မလွယ်ဘူး၊ အဆင်မပြေဘူး လို့ပဲ ထင်မိ တယ်လေ။

ဒါကြောင့် Linux မူကွဲတွေ ထဲမှာ beginner တွေအတွက် အလွယ်ဆုံး၊ အဆင်အပြေဆုံးလို့ လူပြောများတဲ့ Mandriva Linux (အရင် တုန်းကတော့ Mandrake လို့ခေါ်တယ်) ကို သုံးကြည့်ဖို့ စဉ်းစားပါတယ်။ Mandake Linux ဘ၀ တုန်းကတော့ version သုံးခု လောက်ကို စမ်းဖူးပါတယ်။ သိပ်မကြိုက်ဘူး။ Windows ကိုသုံးရတာလောက် အဆင်မပြေဘူးလေ။ ဒါပေမယ့် ဒီတစ်ခါ သုံးကြည့်မှာက နောက်ဆုံးထွက် Mandriva Linux 2008 ဆိုတဲ့ version ပါ။ Mandriva 2008 က Knoppix Linux လိုပဲ hard disk ထဲကို ထည့်စရာ မလိုပဲ CD ကနေ boot လုပ်ပြီး စမ်းလို့ရပါတယ်။ Free version ကို Internet ပေါ်နေ အလကား download လုပ်ခွင့်ပေးပါတယ်။ နောက်ဆုံးထွက် Mandriva Linux 2008 မှာ နောက်ဆုံးထွက် Linux applications တစ်ချို့ လည်းပါလာပါတယ်။
ဒါနဲ့ Mandriva Linux 2008 ကို download လုပ်၊ CD ထဲကို burn လုပ်ပြီး အဲဒီ CD ကနေ boot လုပ်ပြီး စမ်းကြည့်တော့ အရမ်းကို သဘောကျ သွားတယ်ဗျာ။ တစ်ကယ်ပါ။ Windows သုံးရသလောက် နီးနီးကို လွယ် လာတယ်။ User interface နဲ့ utilities တွေ၊ tools တွေ ကလည်း အရင် version တွေထက် အများကြီး ပိုကောင်းလာတာ တွေ့ရတယ်ဗျာ။ အရင်တုန်းက Linux မှာ မြန်မာ font ထည့်ဖို့၊ hardware တွေ setup လုပ်ဖို့နဲ့ driver တွေ install လုပ်ဖို့၊ တစ်ခြား software တွေ ထပ်ထည့်ဖို့ ဆိုတာ အတော်ကို ခက်ခက်ခဲခဲ လုပ်ရတဲ့ အလုပ်တွေပါ။ အခု ဒီ Mandriva Linux 2008 မှာ အရမ်းကို လွယ်အောင် လုပ်ပေးထားတာ တွေ့ရပါတယ်။ ပြီးတော့ user interface (UI) ကလည်း Windows နဲ့ အတော်ကြီးကို တူတာ တွေ့နိုင်ပါတယ်။
အဲဒီ Linux OS နဲ့အတူ ပါလာတဲ့ OpenOffice 2.2 ကလည်း Microsoft Office 2003 လောက်ကိုတော့ ကောင်းကောင်း ယှဉ်နိုင်တယ် လို့ ကျွန်တော်တော့ ထင်တယ်လေ။ Mandriva 2008 မှာ ပါတဲ့ Control Center ကလည်း user တွေအတွက် အရင်ကထက် စာရင် အရမ်းကို သုံးရတာ အဆင်ပြေတယ်လို့ ထင်မိတယ်။

ကျွန်တော်တော့ Mandriva Linux 2008 ကို တော်တော် သဘောကျသွားမိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို နှုန်းထားနဲ့သာ ဆက်သွားနေရင် Microsoft ရဲ့ Windows တွေကို နောက်ပိုင်းမှာ ကောင်းကောင်း ယှဉ်လာနိုင်မယ်လို့ ထင်တယ်ဗျာ။ စဉ်းစားကြည့်လေ Windows Vista ကို ဒေါ်လာ ၅၀၀ လောက်နဲ့ ရောင်းနေတဲ့ အချိန်မှာ Mandriva Linux က Power version တွေမှ Windows ရောင်းဈေးရဲ့ လေးပုံ တစ်ပုံလောက် ပဲရှိတာ။ Free version တောင် ရနိုင်သေးတယ်လေ။ Microsoft Office ကို ဒေါ်လာ ၄၀၀ လောက်နဲ့ ရောင်းနေတဲ့အချိန်မှာ OpenOffice က အလကားကို ပေးနေတာလေ။ ဒီလိုပဲ တော်တော်များများသော Linux application တွေက အလကားရတာ များတယ်လေ။ အခု နောက်ပိုင်း မှာဆိုရင် Windows application တွေရဲ့ အစားထိုး Linux အတွက် application တွေကလည်း တော်တော်ကို များလာပါပြီ။ ပြီးတော့ လောလောဆယ်မှာ Windows တွေအတွက် virus တွေ ပုံနေတဲ့ အချိန်မှာ Linux အတွက် virus တွေက အရမ်းကို နည်းနေပါသေးတယ်။
အရင်တုန်းကတော့ Linux OS နဲ့ သူ့ရဲ့ application တွေက သုံးရတဲ့ နေရာမှာ Windows ကို ဘယ်လိုမှကို မယှဉ်နိုင်တာ အမှန်ပါ။ အထူးသဖြင့် user level မှာ ease ဖြစ်မှုက အရမ်းကွာ ပါတယ်။ ဒါပေမယ့် ဒီတစ်ခါ စမ်းကြည့်တဲ့ Mandriva Linux 2008 အရ ဆိုရင်တော့ အဲဒီ ကွာဟ မှု gap ဟာ တစ်ဖြည်းဖြည်းနဲ့ သေးသေး လာပြီဆိုတာ ကျွန်တော် ယုံကြည်မိပါတယ်။ သုံးရလွယ်ကူမှု၊ user friendly ဖြစ်မှု တွေမှာ Microsoft ရဲ့ Windows OS တွေကို အပြည့်အ၀ ယှဉ်လို့ မရသေးပေမယ့် ဈေးနှုန်း အနေနဲ့ စဉ်းစားရင်ပဲ ဖြစ်ဖြစ်၊ လွတ်လပ်မှု Open Source ကိုပဲ အားပေးမယ်လို့ စဉ်းစားရင်ပဲ ဖြစ်ဖြစ်၊ အမြင်လည်းလှ၊ အသစ် အဆန်း ကိုမှ စမ်းချင်ရင်ပဲ ဖြစ်ဖြစ် Linux ဟာ Windows တွေရဲ့ တစ်ကယ့် အဓိက fighter တစ်ခု ဖြစ်လာနေပြီလို့ ယူဆမိပါတယ်။

Linux OS ကို ဘာပဲဖြစ်ဖြစ် စမ်းသုံးကြည့်ချင်တဲ့ ကျွန်တော်တို့လို beginner တွေ အတွက်တော့ Mandriva Linux က အဆင်အပြေဆုံး၊ သဘောကျစရာ အကောင်းဆုံးလို့ ကျွန်တော် အကြံပေးချင်ပါတယ်ဗျာ။
Mandriva Linux ကို download လုပ်ချင်တယ် ဆိုရင် link ကို အောက်မှာ ပေးထားပါတယ်...

Tuesday, December 18, 2007

Dual Core CPUs (The Next Generation)

ဒီနေ့ ကွန်ပျူတာ အသုံးပြုနေတဲ့ လူတွေ ကြားထဲမှာ Dual Core, CoreDuo, Core2Duo ဆိုပြီး ရှုပ်ရှက်တွေကို ခတ်နေတာပါပဲ။ ဘယ်ဟာက ဘာပြောမှန်းလည်း မသိနိုင်ကြဘူး ဖြစ်နေတဲ့ သူတွေ အများကြီးပါ။ ဒါကြောင့် အဲဒီ Pentium D, CoreDuo နဲ့ Core2Duo တွေ ဘာတွေ ကွာသလည်း။ ဘာဟာက ဘာတွေ ပိုကောင်းသလည်း ဆိုတာကို ကျွန်တော် သိသလောက်လေးကို ပြန်ပြီး ဖေါက်သည် ချလိုက်ပါတယ်။
Dual Core ဆိုတာ အားလုံးကို ခြုံငုံပြီးပြောတဲ့ (Generic term) တစ်ခုပါ။ ဘယ်ကုမ္ပဏီက ထုတ်တဲ့ processor မဆို Dual Core ဖြစ်နိုင်ပါတယ်။ Intel ကထုတ်တဲ့ CPU မှ မဟုတ်ပါဘူး။ Intel ကထုတ်တဲ့ Pentium D, CoreDuo, Core2Duo တွေ၊ AMD ကထုတ်တဲ့ Athlon X2 လိုမျိုး CPU တွေ အားလုံးဟာ Dual Core အမျိုးအစားတွေပါ။ အလွယ်ဆုံး ပြောရရင် Dual Core CPU တွေဆိုတာ chip တစ်ခုထဲမှာ processing core နှစ်ခုကို အပြည့်အ၀ ပေါင်းပေးထားတာပါ။ Hpyer-Thread ထက်ကို အများကြီး ပိုကောင်းပါတယ်။ နည်းပညာ ပိုင်းမှာလည်း ပိုမြင့်ပါတယ်။
Pentium D ဆိုတာ Desktop PC တွေအတွက်ပါ။ သူက Pentium 4 (Prescott) CPU နှစ်ခုကို package တစ်ခုထဲမှာ ပေါင်းထည့် ထားတာပါ။ ဒီတော့ Desktop CPU နှစ်ကို ပေါင်းထားတာဆိုတော့ အပူ အရမ်းထွက်ပါမယ်။ Power စားသုံးမှု (consumption) ကလည်း ပုံမှန် CPU တွေထက် ပိုများ နေမှာသေချာပါတယ်။
CoreDuo ကတော့ Intel ရဲ့ ပထမဆုံး မျိုးဆက် တစ်ကယ့် DualCore architecture စစ်စစ်ပါ။ Pentium D လိုမျိုး P4 CPU နှစ်ခုကို chip တစ်ခုထဲမှာ ပေါင်းထားတာမျိုး မဟုတ်တော့ ပါဘူး။ CoreDuo ကို စထုတ်တုန်းက Pentium M ပေါ်မှာ အခြေခံထားတာပါ။ ဒါကြောင့် CoreDuo တွေက laptop တွေနဲ့ mobile computer တွေမှာ အရင်စသုံးခဲ့ပါတယ်။
CoreDuo ဟာ Pentium D ထက် အများကြီး ပိုပြီး အပူထုတ်လွှတ်မှု အပိုင်းမှာရော၊ power စားသုံးမှု အပိုင်းမှာရော သိသိသာသာ နည်းတာကို တွေ့နိုင်ပါတယ်။ အခုနောက်ပိုင်း ဆိုရင် desktop motherboard ထုတ်လုပ်သူ တစ်ချို့က desktop တွေအတွက် CoreDuo CPU ကို support လုပ်တဲ့ motherboard တွေကိုတောင် ထုတ်ပြီး ရောင်းနေတာ တွေ့ရပါတယ်။

Core2Duo ဆိုတာက Intel ရဲ့ ဒုတိယ မျိုးဆက် DualCore နည်းပညာပါ။ Core2Duo ကို desktop PC တွေအတွက်ရော laptop တွေအတွက်ပါ ထုတ်လုပ်ပါတယ်။ အမြန်နှုန်း အပိုင်းမှာ ရှေ့က ပထမမျိုးဆက် CoreDuo နဲ့ သိပ်မကွာပေမယ့် အပူထုတ်လွှတ်မှု၊ power စားသုံးမှုနဲ့ တစ်ချို့ လုပ်ဆောင်ချက်တွေမှာ အများကြီး ပိုကောင်းအောင်၊ ပိုပြီး ထိရောက်အောင် design လုပ်ထားပါတယ်။
Intel ဟာ Dual core နည်းပညာနောက်ကို တစ်ကယ် သေသေချာချာ လိုက်ပြီ ဆိုကထဲက Pentium ဆိုတဲ့ နာမည်ကိုပါ ပြောင်းပစ် (ချန်ထားပစ်) ခဲ့ဖို့ ဆုံးဖြတ်ခဲ့ဟန် တူပါတယ်။ သူ့ရဲ့ နောက်ပိုင်း မျိုးဆက် Dual core နည်းပညာနဲ့ CPU တွေမှာ Pentium ဆိုတဲ့ နာမည်ကို သုံးတော့မယ် မထင်ပါဘူး။

AMD ကုမ္ပဏီ ကလည်း သူ့ရဲ့ dual core အမျိုးအစား CPU တွေကို ထုတ်လုပ် ရောင်းချ နေပါတယ်။ ဥပမာ- AMD Athlon X2 လိုမျိုး တွေပေါ့။ ပထမဆုံး ထွက်တဲ့ AMD dual core CPU တွေက Intel ရဲ့ Dual Core Pentium D တွေလိုပဲ အပူထုတ်လွှတ်မှုနဲ့ ပါဝါစားသုံးမှု အရမ်းများပါတယ်။ ဒါပေမယ့် နောက်ပိုင်းထွက် second revision CPU တွေကို Core2Duo နဲ့ ပြိုင်နိုင်အောင် အပူထုတ်မှု နဲ့ ပါဝါ စားသုံးမှုကို နည်းနိုင်သမျှ နည်းအောင် လျှော့ချ ပေးထားပါတယ်။
အတည် မပြုနိုင်တဲ့ information အရဆိုရင် CoreDuro CPU တွေမှာ FSB (Front Side Bus) နဲ့ Cache memory တွေကို share လုပ်ပြီး combine လုပ်ထားတယ် လို့ ဆိုပါတယ်။ Core2Duo မှာတော့ FSB နဲ့ Cache memory တွေကို လုံးဝ သီးသန့်စီ ခွဲပေးထားတဲ့ အတွက် performance က သိသိသာသာ ပိုကောင်းလာမယ် လို့ပြောကြပါတယ်။
ဒီတော့ ကျွန်တော်ပြောချင်တာက လောလောဆယ် Core2Duo သုံးထားတဲ့ laptop တစ်ကို ၀ယ်မယ်ဆိုရင် အကောင်းဆုံးက CPU model မှာ T7xxx ပါတဲ့ model ကို ရှာဝယ်တာ အကောင်းဆုံးပါပဲ။ သူ့ထက်နိမ့်ထက် T5xxx series တွေကို ဈေးသိပ်မကွာဘူး ဆိုရင် ၀ယ်မနေပါနဲ့ လို့ပဲ အကြံပေးချင်ပါတယ်။ နောက်ဆုံးထွက် Core2Duo (laptop) အတွက် speed က ကျွန်တော်သိသလောက် 2.4GHz ကိုရောက်နေပါပြီ။

Myanmar performance in NTU

ဒီဇင်ဘာလ (၁၅)ရက်နေ့က NTU ကျောင်းထဲက Student Resource Center (SRC) မှာ School of Communication and Information (SCI) ကနေ ကပွဲလေးတစ်ခု လုပ်ခဲ့ပါတယ်။ သိပ်ကြီးကြီး မားမားတော့ မဟုတ်ဘူးပေါ့။ အဲဒီပွဲလေးမှာ မြန်မာ ကျောင်းသား၊ ကျောင်းသူတွေက တိုင်းရင်းသား ၀တ်စုံ လေးတွေ ကိုယ်စီဝတ်ပြီး “စည်းလုံးချင်း အတွက် သီချင်းတစ်ပုဒ်” ဆိုတဲ့ ဇော်ဝင်းထွဋ် သီချင်းလေးနဲ့ ကပြ သွားကြတယ်လေ။
ကျွန်တော်နဲ့ အတူတူနေတဲ့ ကိုဝင်းနောင်က SCI မှာ M.Sc (Information System) တက်နေတာ ဆိုတော့ ကျွန်တော်တို့ကို သူဖိတ်တာနဲ့ အဲဒီ ပွဲလေးကို သွားကြည့်ဖြစ်ကြပါတယ်။ နိုင်ငံ (၄) နိုင်ငံလောက်က ကျောင်းသားတွေ ရိုးရာ ၀တ်စုံတွေနဲ့ ကိုယ်ပိုင် အကလေးတွေ ကပြသွားကြပါတယ်။ SCI ကဆရာ တစ်ယောက် ကလည်း တယော လက်သံနဲ့ လက်စွမ်းပြသွား ပါတယ်။
ဘာပဲဖြစ်ဖြစ် စင်ကာပူမှာ မြန်မာ တိုင်းရင်းသား ၀တ်စုံတွေနဲ့ မြန်မာသီချင်းနဲ့ ကတာကို ကြည့်လိုက်ရတဲ့ အချိန်မှာ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်ကို အရမ်းလွမ်းမိတယ်။ ပြီးတော့ စိတ်ထဲမှာ ၀မ်းနည်းတာလိုလို၊ ၀မ်းသာတာလိုလို ဘာမှန်းမသိအောင် ခံစားချက်တစ်ခု ဖြစ်မိတာတော့ အမှန်ပါပဲဗျာ။
ကပွဲ မစခင်လေးမှာ Power Point Slide Show နဲ့ မြန်မာနိုင်ငံ အကြောင်းကို ကျောင်းသူတစ် ယောက်က ရှင်းပြတယ်လေ။ တစ်ခြားနိုင်ငံက ကျောင်းသားတွေ အနည်းနဲ့အများ စိတ်ဝင်တစား နားထောင်ကြတာ၊ ကြည့်ကြတာ တွေ့မိပါတယ်။ အဲဒီလိုရှင်းတဲ့နေရာမှာ ကချင်၊ ကယား၊ ကရင် စသည်ဖြင့် ပြည်နယ် တစ်ခုချင်းစီမှာ ရှိတဲ့ ထင်ရှားကျော်ကြားတဲ့ အရာ တစ်ခုချင်းစီကို ဓါတ်ပုံလေးတွေနဲ့ ရှင်းပြ၊ ပြောပြသွားပါတယ်။ ဥပမာ- ကချင် မှာဆိုရင် “ခါကာဘိုရာဇီ” အကြောင်းလေးပေါ့။
တိုင်းရင်းသား ၀တ်စုံလေးတွေနဲ့ မြန်မာ ကျောင်းသားတွေကို ဓါတ်ပုံတွေလည်း ရိုက်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံ အကြောင်း၊ ကိုယ့်ရေမြေ အကြောင်းကို သူများတွေရှေ့မှာ ဒီလို ရှင်းပြ ဖြစ်တာလေးကို ကြည့်ရင်း၊ နားထောင်ရင်း စိတ်ထဲမှာ ကျေနပ်မိသလို ပီတိလည်း ဖြစ်မိတာတော့ တစ်ကယ်ပါဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်ကို ချစ်တဲ့စိတ်၊ မြန်မာ ဆိုတဲ့ စိတ်ကတော့ ကျွန်တော်တို့ မြန်မာတွေ ရင်ထဲမှာ အမြဲတမ်း ရှိနေတယ်ဆိုတာ ယုံကြည်မိပါတယ်။
“ဘယ်နေရာရောက်ရောက် ဘာကိုလုပ်လုပ် မင်းအမြဲမှတ်ပါ မင်းမြန်မာ၊ ဘယ်နိုင်ငံမှာ ဘာတွေလုပ်လုပ် မင်းအမြဲမှတ်ပါ မင်းမြန်မာ” ဆိုတဲ့ အောင်ကိုလတ် သီချင်းလေးကို သွားသတိရမိပါတယ်။

Monday, December 10, 2007

The Guru of 3D...!

3D graphic card ကောင်းကောင်းတစ်ခု ၀ယ်ထားပြီးတော့ high standard real-time 3D game တွေကို ကစားမယ် ဆိုရင်၊ ဒါမှမဟုတ် graphic အရမ်းကို မြင့်မြင့်လိုတဲ့ software တွေ (ဥပမာ- AutoCAD rendering, 3D special effects) နဲ့ အလုပ်လုပ်မယ် ဆိုရင် software device driver တွေကလည်း အရမ်းကို အရေးကြီးပါတယ်။
ဘယ်လောက်ပဲ 3D hardware က ကောင်းနေပါစေ operating system ထဲမှာ ထည့်ထားတဲ့ သူနဲ့ ပါတ်သက်တဲ့ device driver က အဆင့်မမြင့်ရင်၊ မကောင်းဘူး ဆိုရင် တစ်ကယ် အလုပ်လုပ်တဲ့ အချိန်မှာ overall performance က ကျနေနိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင်ဗျာ - ကျွန်တော့ရဲ့ ကွန်ပျူတာထဲကို ကျွန်တော်က Nvidia က ထုတ်တဲ့ အကောင်းစား graphic card တစ်ခုကို ၀ယ်ထည့်လိုက်တယ်ဗျာ။ Nvidia ဆိုတာ သိမှာပါနော်။ ကမ္ဘာမှာ နာမည် အကြီးဆုံး GPU (Graphic Processing Unit) ထုတ်တဲ့ ကုမ္ပဏီလေ။ အဲဒီ graphic card အတွက် ကျွန်တော့ရဲ့ Windows OS က driver တွေ built-in ပါလာပြီးသား ဆိုပါစို့။ ဒါဆို ကျွန်တော်က သီးသန့် driver တွေ ထပ်တင်စရာ မလိုတော့ဘူးလေ။ Windows OS ကို ထည့်လိုက်တာနဲ့ ကျွန်တော့ရဲ့ graphic card ကို တစ်ခါထဲ သိသွားပြီးတော့ သုံးလို့ရပြီပေါ့။
ဒါပေမယ့် အဲဒီလိုမျိုး Windows မှာ တစ်ခါထဲ ပါလာတဲ့ driver တွေကို သုံးပြီးတော့ အဆင့်မြင့် 3D game တွေကို ကစား ကြည့်မယ်ဆိုရင် ဘယ်လိုနေမလည်း။ Performance က အရမ်းကို ကျနေတာ တွေ့ပါလိမ့်မယ်။ တစ်ခါတစ်လေ စိတ်ညစ်ဖို့ ကောင်းလောက်အောင် နှေးနေတာမျိုး တွေ့ပါလိမ့်မယ့်။ တစ်ကယ့် အဆင့်မြင့်ပြီး ရှုပ်ထွေးတဲ့ functionalities တွေကို လုပ်မယ်ဆိုရင် device driver ကောင်းကောင်း ထည့်ထားမှ operating system က hardware ကို ကောင်းကောင်း ခိုင်းလို့ရမှာပေါ့။
အဲဒီလိုမျိုး ကိုယ့်ရဲ့ graphic card တွေအတွက် (အထူးသဖြင့် graphic card လို့ပြောတာထက် GPU လို့ ပြောရင် ပိုမှန်မယ် ထင်တယ်) အဆင့်မြင့် game တွေကို ကစားဖို့၊ graphic intensive software တွေနဲ့ အလုပ်လုပ်ဖို့ device driver ကောင်းကောင်း လိုချင်တယ်ဆိုရင် အောက်မှာ ပေးထားတဲ့ web site မှာ သွားရှာလို့ ရပါတယ်။

http://www.guru3d.com/

အဲဒီ web site က နောက်ဆုံးထွက် ဒါမှမဟုတ် နာမည်ကြီးတဲ့ graphic hardware တွေနဲ့ ပါတ်သက်တဲ့ information တွေ၊ နောက်ဆုံး သတင်းထုတ်ပြန်ချက်တွေ၊ ဈေးနှုန်း နှိုင်းယှဉ်ချက်တွေ ကိုလည်း ကြည့်လို့ရတယ်။ Hardware တစ်ခုချင်းစီ အတွက် စမ်းသပ်ချက်၊ စစ်ဆေးချက်တွေ ကိုလည်း ဖတ်လို့ ရတယ်။ Graphic hardware မျိုးစုံ အတွက် utility software မျိုးစုံကိုလည်း download လုပ်ယူပြီး သုံးလို့ရတယ်။
ပြီးတော့ ကောင်းတာက အဲဒီ web site မှာ ပေးထားတဲ့ တစ်ချို့သော graphic driver တွေက ကုမ္ပဏီတွေက ပေးထားတဲ့ device driver တွေကိုမှ gamer တွေ၊ hacker တွေက special ပြန်ပြီး ပြင်ထား (hack) လုပ်ထားတဲ့ driver တွေပါ။ ဒါကြောင့် တစ်ခါတစ်လေ ကိုယ့်ရဲ့ graphic hardware က တစ်ချို့သော game တွေနဲ့ အလုပ် မလုပ်နိုင်ဘူး ဆိုရင်တောင်မှ ဒီ web site က driver တွေကို သုံးကြည့်ရင် အဆင်ပြေသွား တတ်ပါတယ်။
ဒါကြောင့် 3D graphic hardware တွေကို အကောင်းဆုံး အသုံးချပြီးတော့ game ကစားမယ်ဆိုရင်၊ အလုပ်လုပ်မယ် ဆိုရင် ဒီ web site က အသုံးဝင်မယ်လို့ ထင်ပါတယ်။

Friday, December 7, 2007

Capturing screens in DOS mode

သူငယ်ချင်းတစ်ယောက်ရဲ့ assignment တစ်ခုကို ၀င်ကူပြီး လုပ်ပေးရင်းနဲ့ monitor screen ပေါ်မှာ ပေါ်နေတဲ့ screen content တွေကို capture ဖမ်းဖို့အတွက် ကြိုးစားကြည့်ဖြစ်ပါတယ်။ အတွေ့အကြုံလည်း တော်တော် ရသွားတယ်ပေါ့ဗျာ။
Screen capture လုပ်တာများ လွယ်လွယ်လေး။ ပုံမှန်အတိုင်း Windows မှာဆိုရင် Keyboard ကနေ Print Screen ဆိုတဲ့ Key ကို နှိပ်လိုက်ရင် လောလောဆယ် Screen ပေါ်မှာပေါ်နေတာတွေကို Windows clipboard ပေါ်မှာ bitmap file အနေနဲ့ သိမ်းပေး တယ်။ ပြီးရင် Paint လို program မျိုးနဲ့ ပြန်ခေါ်ကြည့်လိုက်ရင် ရတာပဲနော်။
ဒါပေမယ့် အခုကျွန်တော် ဖမ်းချင်တဲ့ screen က Windows mode ထဲမှာ မဟုတ်ဘူး။ DOS (real mode) ထဲကို ရောက်နေတယ်။ ကျွန်တော်က TurboC++ 3.1 (DOS) version ကို သုံးပြီးတော့ BGI (Borland's Graphic Interfaces) တွေသုံးပြီး full-screen DOS mode မှာ ပုံလေးတွေဆွဲကြည့်တယ်၊ animation လေး နဲနဲပါးပါး လုပ်ကြည့်ထားတာလေ။ အဲဒါကို ကျွန်တော်က screen capture လုပ်ပြီးတော့ ပုံအနေနဲ့ ပြန်သိမ်းချင်တာ။
ကျွန်တော့ DOS program လေးကို run လိုက်ရင်ကိုပဲ full screen mode ကို ပြောင်းသွားပြီးတော့ Windows desktop ထဲမှာ မဟုတ်တော့ဘူးလေ။ ဒီတော့ ပုံမှန်သုံးနေကျ Windows ရဲ့ Print Screen Key က သုံးလို့ မရ တော့ဘူးပေါ့။ Full-screen DOS mode ကနေ DOS screen Window ကို ပြောင်းလိုက်ပြန်တော့လည်း ကျွန်တော့ program က run နေတာ ရပ်သွားပြန်ရော။ ဒီတော့ DOS screen ကို capture လုပ်ဖို့ ပုံမှန်မဟုတ်တဲ့ တစ်ခြားနည်းကို ရှာရတော့တာပေါ့။
SnagIt ဆိုတဲ့ program ကလည်း screen capture အတွက် အရမ်းကောင်းပါတယ်။ သူက screen ပေါ်မှာ ကိုယ်လုပ်နေတဲ့ လှုပ်ရှားမှု sequence တွေကိုတောင် movie file အနေနဲ့ သိမ်းပေးတယ်လေ။ DOS screen တွေ ကိုလည်း capture ဖမ်းပေးတယ်။ ဒါပေမယ့် ခက်တာက ကျွန်တော် လုပ်ထားတဲ့ TurboC graphic mode မှာ ဆွဲထားတဲ့ screen contents တွေကိုတော့ ဖမ်းလို့မရပြန်ဘူး။ ရိုးရိုး DOS screen ကိုတော့ ကောင်းကောင်း ဖမ်းပေး နိုင်တယ်။

ဒါနဲ့နောက်တစ်မျိုး ရှာကြံ စဉ်းစားကြည့်တော့ DOS BOX ဆိုတဲ့ program လေးကို သွားတွေ့တယ်။ သူက သုံးရ တာ နဲနဲလက်ဝင်ပေမယ့် သုံးကြည့်ရင်တော့ အဆင်ပြေတယ်ဗျ။ DOS ကို emulate လုပ်တာ။ ကျွန်တော်ထင်တာ သူတစ်ကယ် run တာက Win32 Interface ပေါ်မှာ run တာ။ ဒါပေမယ့် DOS mode ကို emulate လုပ်ထားတယ်။ တော်တော်မိုက်တယ်ဗျ။ သူ့ကို သုံးပြီး ကျွန်တော့ရဲ့ DOS program လေးကို run လိုက်တော့ Windows ထဲမှာကိုပဲ DOS screen လေးပေါ်နေရော။ လှုပ်ရှားမှု နှေးတယ်ထင်ရင် shortcut key တွေသုံးပြီး frame rate ကို မြှင့်ကြည့်လို့ ရတယ်လေ။ Windows ထဲမှာ virtual DOS screen အနေနဲ့ ပေါ်နေတာဆိုတော့ Print Screen key ကို သုံးပြီး capture လုပ်လိုက်လို့ရတာပေါ့။ ကျွန်တော်တော့ ကိုယ်လုပ်ချင်တာလည်း အဆင်ပြေသွားတယ်၊ အဲဒီ program လေးကိုလည်း သဘောကျသွားတယ်ဗျာ။ ဒါမေယ့် သူ့ကို သုံးတဲ့အခါ ကိုယ် run ချင်တဲ့ DOS program ရှိတဲ့ folder ကို drive တစ်ခုအနေနဲ့ mount လုပ်ပေးရတယ်။ ဒါမှ အဲဒီ folder ကို မြင်ရမှာ။ အဲဒီ program လေးရဲ့ manual မှာ ဖတ်ကြည့ိလို့ရပါတယ်။

နောက်ထပ် ကျွန်တော်စမ်းကြည့်ဖြစ်တာက Snarf ဆိုတဲ့ program သေးသေးလေး။ သူက DOS program လေးပဲ။ TSR (Terminate and Stay Residence) အမျိုးအစားလေးပါ။ သေးသေးလေးပဲ။ သူကလည်း DOS Box လောက် အဆင့်မမြင့်ပေမယ့် အဆင်ပြေတယ်ဗျ။ Command Prompt ထဲကိုဝင်ပြီး အဲဒီ program လေးကို အရင် command line မှာ type ရိုက်ပြီး run လိုက်။ ပြီးရင် ကိုယ် run ချင်တဲ့ DOS program ကို run လိုက်။ Screen ကို capture လုပ်ချင်တယ် ဆိုရင် Keyboard ကနေ ALT+S ကို နှိပ်လိုက်ရင် “တီ” လို့မြည်လာရင် အဲဒါ screen ကို ဖမ်းပြီးသွားပြီ။ သူလည်း DOS full-screen တွေကို ဖမ်းဖို့ အဆင်ပြေတယ်ဗျ။ အဲ.. ဖမ်းလိုက်တဲ့ screen ပုံလေးတွေ ဘယ်နားရောက်သွားလဲ ဆိုတာတော့ ကိုယ်လက်ရှိဝင်ထားတဲ့ directory (folder) အောက်မှာ ၀င်သွားတာလေ။ ဥပမာ- ကိုယ်က ကိုယ့် DOS program ကို c:\Games အောက်ထဲကနေ run နေတာ ဆိုရင် အဲဒီအောက်ထဲမှာ သိမ်းသွားလိမ့်မယ်။ လွယ်တော့ လွယ်ပါတယ်။ Snarf program လေးက DOS screen ထဲမှာအလုပ်လုပ်နေတုန်းပဲ သုံးလို့ရတယ်။ Windows ထဲပြန်ရောက်သွားရင် မလုပ်တော့ဘူး။
အခုကျွန်တော် ပြောပြတဲ့ program လေး နှစ်ခုက အလွယ်တကူ download လုပ်လို့လည်းရတယ်။ သုံးလို့လည်း ကောင်းပါတယ်။ DOS screen ကိုမှ capture လုပ်ချင်ရင် သုံးကြည့်ပေါ့နော်။ Windows screen တွေကို အဆင့် မြင့်မြင့် capture လုပ်ချင်ရင်တော့ SnagIt က အကောင်းဆုံးပါပဲ။