Computer graphic (အထူးသဖြင့် 3D graphics) တွေကို ဖန်တီး ပုံဖေါ်တဲ့ နေရာမှာ polygon တွေကို သုံးပြီး ဖန်တီး ရပါတယ်။ ပြီးပြည့်စုံတဲ့ 3D graphic ပုံရိပ်နဲ့ 3D ကမ္ဘာတစ်ခုမှာ ပါဝင်နေတဲ့ အရာတွေ အားလုံး polygon တွေနဲ့ အရင် တည်ဆောက်ပြီးမှ အဲဒီ polygon တွေ တစ်ခုချင်းစီမှာ ပဲ ဖြစ်ဖြစ်၊ poly အစု တစ်ခုမှာပဲ ဖြစ်ဖြစ် texture လို့ ခေါ်တဲ့ 2D ချယ်သမှု တွေကို ကပ်ထားတာပါ။ Polygon တွေမှာ သင့်တော် သလို texture ကပ်လိုက်မှ ပြီးပြည့်စုံတဲ့ 3D ရုပ်ပုံ တွေကို ရတာပါ။
တစ်ကယ်တမ်း ကွန်ပျူတာထဲမှာ 3D API တွေကို သုံးပြီး polygon တွေနဲ့ အ
လုပ်လုပ်တဲ့ အခါမှာ polygon ရဲ့ မျက်နှာပြင် တွေနဲ့ ပါတ်သက်ပြီး စဉ်းစားစရာ တွေ ရှိလာပါတယ်။ Polygon တစ်ခုကို rendering engine ကနေ ပုံဖေါ်တော့မယ် ဆိုရင် ဒင်္ဂါးပြား တစ်ခုရဲ့ ခေါင်းနဲ့ ပန်းလိုပဲ မျက်နှာပြင် နှစ်ဘက် ပါတယ်လို့ စဉ်းစားလို့ ရပါတယ်။ ပြီးတော့ အဲဒီ မျက်နှာပြင် (surface of polygon) တစ်ခု ချင်းစီကလည်း သီးခြားစီလို့ ပြောလို့ ရပါတယ်။ ကြည့်တော့သာ triangle လေးက တစ်ခုထဲရယ်။ တစ်ကယ်တမ်း သူ့မှာ မျက်နှာပြင် နှစ်ခုပါပါတယ်။
3D ပုံတစ်ခုမှာ (ဥပမာ- လူတစ်ယောက်၊ ကားတစ်စီးပဲဖြစ်ဖြစ်၊ နောက်ခံ ပါတ်ဝန်းကျင်တစ်ခုပဲ ဖြစ်ဖြစ်) polygon တွေ အများကြီး ပါပါတယ်။ အနုစိတ် ကျတဲ့ 3D graphic model တစ်ခုမှာ ဆိုရင် polygon အရေအတွက် သန်းနဲ့ ချီပြီး ပါနိုင်ပါတယ်။ (အဲ… အဲဒီ 3D model ကို ပုံဖေါ်မယ့် geometry engine နဲ့ rendering engine ကတော့ များပြားတဲ့ polygon အရေအတွက်ကို ကိုင်တွယ်နိုင်ဖို့ လိုတာပေါ့နော်)။
Polygon တွေ အများကြီးနဲ့ တည်ဆောက်ထားတဲ့ 3D model တစ်ခုကို rendering လုပ်တဲ့ အချိန်မှာ မြန်ဆန် ထိရောက်မှုရှိအောင်နဲ့ processing power တွေ မလိုအပ်ပဲ မသုံးမိအောင် လုပ်လို့ရတဲ့ နည်းတစ်ခု ရှိပါတယ်။ အဲဒါက ဘာလည်းဆိုတော့ ကြည့်နေသူ Eye ရှိနေတဲ့ direction ဘက်ကို မျက်နှာမူ (face) လုပ်မနေတဲ့ polygon ရဲ့ မျက်နှာပြင်တွေကို ပုံဖေါ်ဖို့၊ process လုပ်ဖို့ မစဉ်စားဘူး ဆိုရင် တစ်ကယ် rendering မှာ ပိုပြီး အကျိုးရှိနိုင်ပါတယ်။ ဆိုလိုတာက- ကြည့်နေသူက မြင်ရမှာ မဟုတ်တဲ့ polygon face တွေကို rendering engine ကို process မလုပ်ခိုင်းဘူးပေါ့။ အဲဒီလို လုပ်တာကို BACK-FACE CULLING လို့ ခေါ်ပါတယ်။ Back-face culling ကြောင့် 3D rendering performance တက်လာ နိုင်စေပါတယ်။ Culling ဆိုတာ အလွယ်ပြောရင် not drawing လို့ ပြောလို့ ရပါတယ်။
ဥပမာ- 3D ကမ္ဘာတစ်ခု ထဲက တိုက်တစ်ခု ဆိုပါတော့။ ကျွန်တော်တို့ ကြည့်နေသူရဲ့ နေရာနဲ့ direction အပေါ်မှာ မူတည်ပြီးတော့ eye vector direction နဲ့ အတူတူ ဖြစ်နေတဲ့ surface normal vector တွေရှိတဲ့ polygon surface တွေကို ပုံဖေါ်စရာ မလိုဘူးပေါ့။ အပြင်မှာဆိုရင် ကိုယ်မမြင်၇တဲ့ တိုက်ရဲ့ နောက်ဘက်ခြမ်း ပုံစံမျိုးပေါ့။
OpenGL မှာပဲ ဖြစ်ဖြစ်၊ တစ်ခြား graphic rendering API တစ်ခုခု မှာပဲဖြစ်ဖြစ်၊ back-face culling နဲ့ ပါတ်သက်တဲ့ setting တွေကို ထိန်းလို့ ရပါတယ်။ Back-face culling ကို ဘယ်လို ထိန်းမလည်း ဆိုရင် poly တွေနဲ့ surface normal တွေ အပေါ်မှာ မူတည်ပြီး ထိန်းပါတယ်။ Polygon မျက်နှာပြင်ရဲ့ surface normal vector က ကြည့်နေသူ eye point ရဲ့ direction မှာ မရှိဘူး (away ကို direct လုပ်နေတယ်) ဆိုရင် အဲဒီ polygon face ကို ပုံဖေါ်စရာမ လိုဘူးပေါ့။ ဒါကြောင့် back-face culling နဲ့ အလုပ်လုပ်မယ် ဆိုရင် surface normal vector တွေက အသက်ပါပဲ။

0 comments:
Post a Comment