OpenGL ကိုသုံးပြီး 3D graphic ကမ္ဘာတစ်ခုကို ဖန်တီးမယ် ဆိုရင် lighting ဆိုတဲ့ အလင်းကလည်း အရေးကြီးပါတယ်။ OpenGL နဲ့မှ မဟုတ်ပါဘူး။ တစ်ခြား ဘယ် API မှာမဆို အလင်းတွေနဲ့ ကဏ္ဍက လည်း အရေးပါပါတယ်။ အခု ကျွန်တော် 3D ပါတ်ဝန်းကျင် တစ်ခုမှာ ပါဝင်လာနိုင်တဲ့ အဓီက lighting တွေအကြောင်း ကို ပြောပြချင်ပါတယ်။
Computer 3D graphic rendering မှာ သုံးလို့ရတဲ့ light (အလင်း) တွေ အမျိုးမျိုး ရှိပါတယ်။ တစ်ခု ကြိုပြောချင်တာက အလင်းတွေကို စဉ်းစားတယ် ဆိုတာ 3D world ထဲမှာ ရှိနေတဲ့ object တစ်ခု အတွက် မူတည် စဉ်းစားတာ ဖြစ်ပါတယ်။ အလင်း ကိုယ်တိုင် သက်သက်ကိုပဲ စဉ်းစားလေ့ မရှိပါဘူး။
ပထမဆုံး light အမျိုးအစားက Ambient light ဖြစ်ပါတယ်။ Ambient ဆိုတဲ့ အတိုင်း အဲဒီ အလင်း အမျိုးအစားက ပါတ်ဝန်းကျင် အနှံ့ကနေ လာတယ်လို့ ပြောလို့ရတဲ့အတွက် သူ့ရဲ့ direction ကို ခန့် မှန်းလို့ မရပါဘူး။ နေရာအနှံ့ကနေ ပျံ့ပြီး ၀င်လာတဲ့ အလင်းမျိုးပါ။ ဒါကြောင့် ambient light မှာ direction မရှိပါဘူး။ 3D object ပေါ်မှာလည်း နေရာအနှံ့ ကျရောက်နိုင်ပါတယ်။ ဘယ်ကနေ ဘယ်လို လာတယ်ဆိုတာ ခန့်မှန်းရ ခက်ပါတယ်။ ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ တစ်ခြား object တွေက နေပြန် ထွက်လာတဲ့ အလင်းမျိုးလည်း ပါနိုင်ပါတယ်။ ဒါကြောင့် Ambient အလင်းက သူကိုယ်တိုင် ဘယ်က လာတယ်ဆိုတာ မပြောနိုင်သလို object ပေါ်ကို ကျတဲ့ အခါ မှာလည်း direction အားလုံးကို အညီအမျှ ပျံ့ထွက်သွားတတ်ပါတယ်။ ဥပမာ- ပုံမှန် အခန်း တစ်ခုထဲ မှာ လင်းနေတဲ့ အခြေအနေမျိုးပါ။
နောက် အလင်း အမျိုးအစားက Diffuse light လို့ ခေါ်ပါတယ်။ Diffuse light က direction ရှိပါတယ်။ ဒါပေမယ့် object ပေါ်ကို ကျရောက်ပြီးတဲ့ အခါမှာတော့ direction အားလုံးကို အညီအမျှ ပျံ့နှံ့သွား တတ်ပါတယ်။ ဘာထူးခြား သလည်း ဆိုတော့ အလင်း ကိုယ်တိုင်ကတော့ ဦးတည်ရာဘက် နဲ့ position တိတိကျကျ ရှိပေမယ့် အရာဝတ္ထုပေါ်ကို အလင်း ကျပြီးရင် အရပ်မျက်နှာ အားလုံးကို အညီအမျှ ပျံ့တတ်တဲ့ အတွက် ကြည့်သူ (eye) က ဘယ်နေရာမှာပဲ ရှိရှိ အလင်း ပမာဏ ပြောင်းမသွားပါဘူး။ ဆိုလိုတာက အရာဝတ္ထု (Object) ရဲ့ မျက်နှာပြင် လင်းမယ့်နေရာကတော့ light အပေါ်မှာ မူတည်ပါတယ်။ ဒါပမေယ့် ကြည့်သူအတွက် ဘယ်နေရာကပဲ ကြည့်ကြည့် အဲဒီ အရာဝတ္ထုရဲ့ မျက်နှာပြင်မှာ အလင်း ကျရောက်မှု ပုံစံက အတူတူပဲ လို့ ခံစားရစေပါတယ်။ Eye point ရဲ့ position အပေါ်မှာ မူတည်ပြီး ပြောင်းလဲမှု မရှိပါဘူး။
Specular light ဆိုတာကျတော့ object ကို အလင်းကျပြီးရင် ပြန်ပြီး လက်လာတဲ့ ပုံစံမျိုးပါ။ ပြောင်လက် တဲ့ အရာဝတ္ထုတွေ (ဥပမာ- စတီးခွက်) လိုမျိုး object တွေက မြင့်မားတဲ့ specular component ရှိတယ်လို့ ပြောလို့ ရပါတယ်။ ဒါကြောင့် object တစ်ခုရဲ့ specularity ဆိုတာ အဲဒီ object ရဲ့ အလင်းပြန်မှု မမာဏလို့ ပြောလို့ရပါတယ်။ Specular light ကိုစဉ်းစားတဲ့ နေရာမှာ object တစ်ခုပေါ် ကို အလင်းကျပြီးရင် အဲဒီ object ကနေ ပြန်လက် ထွက်လာတဲ့ အလင်းမျိုးပါ။ ဒါကြောင့် light ရဲ့ direction ပေါ်လည်း မူတည်သလို၊ object ရဲ့ specularity (အလင်းပြန်မှု ပမာဏ) အပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ပြီးတော့ light direction အပေါ် မူတည်တဲ့ အတွက် eye point ပြောင်းသွားရင် အလင်းပြန်မှု ပုံစံလည်း ပြောင်းသွားပါတယ်။
နောက်ဆုံး အလင်း အမျိုးအစားကတော့ emissive light ပါ။ သူကတော့ ရှင်းပါတယ်။ Object ကိုယ်တိုင်က ပြန်ပြီး ထုတ်လွှတ်တဲ့ပုံစံ အလင်းမျိုးပါ။ ဒါကြောင့် object ရဲ့ emissive color တန်ဖိုးက အဲဒီ Object ထုတ်လွှတ်မယ့် light ပမာဏကို သတ်မှတ်နိုင်ပါတယ်။ သူက light ဆိုပေမယ့် object ကိုယ်တိုင်ကပဲ လင်းနေတယ် လို့ စဉ်းစားတာမျိုးပါ။ ပြင်ပ တစ်ခြား ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာဝတ္ထုတွေကို အဲဒီ emissive light က သက်ရောက်မှု မရှိပါဘူး။ သူ့ဘာသာပဲ လင်းနေတယ် ထင်ရတဲ့ အလင်းမျိုးပါ။
OpenGL မှာ 3D မြင်ကွင်း တစ်ခုအတွက် light source ဆိုတဲ့ အလင်း စုစုပေါင်း (၈)ခုအထိ ဖန်တီးလို့ ရပါတယ်။ အလင်းတွေကို ဖန်တီးပြီဆိုရင် အဲဒီ အလင်းရဲ့ တည်နေရာ position၊ အဲဒီ အလင်းမှာ direction ရှိမယ် ဆိုရင် ဘယ် direction ကို သက်ရောက်နေသလည်း၊ အဲဒီ light source ရဲ့ color ကရော ဘာအရောင်လည်း၊ နောက်ပြီး ကိုယ် စိတ်ဝင်စားတဲ့ အရာဝတ္ထု ရဲ့ အလင်းပြန်မှု ပမာဏ၊ မျက်နှာပြင် အရောင်၊ အလင်းအပေါ်မှာ ဘယ်လို တုံ့ပြန်မယ် ဆိုတဲ့ အချက်တွေ အားလုံးကို ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။ ဒါမှသာ ပြီးပြည့်စုံတဲ့ အလင်း ပါတဲ့ 3D ကမ္ဘာတစ်ခုကို ရမှာပါ။

0 comments:
Post a Comment