Tuesday, September 16, 2008

Connect DirectX with Visual C++

Microsoft DirectX ဆိုတာ game နဲ့ multimedia လောကမှာ နာမည်ကြီးပါ။ DirectX API ကို programming language တော်တော် များများကနေ လှမ်းခေါ် သုံးလို့ ရပါတယ်။ ကျွန်တော်ကတော့ C/C++ သမား ဆိုတော့ Visual C++ နဲ့ DirectX ကို ဘယ်လို ချိတ်သုံးရမယ် ဆိုတာ ရေးပြပေး ပါ့မယ်။ အမှန်က GLUT နဲ့ Visual C++ ကို ချိတ်တတ်ရင် DirectX ကလည်း လုပ်ရတာ အတူတူပါပဲ။
Visual C++ မှ မဟုတ်ပါဘူး။ ဘယ် IDE နဲ့မဆို ချိတ်လို့ရအောင် အရင်ဆုံး API (Application Programming Interface) နဲ့ programming language (IDE) တစ်ခု ကို ချိတ်တဲ့ သဘောတရားလေး ကို ပြောပြချင်ပါတယ်။
ဘယ် IDE (Integrated Development Environment) မှာမဆို သူနဲ့ ပြင်ပက external add-on libraries တွေကို ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ လုပ်ဆောင်ချက်တွေ ပါပါတယ်။ တစ်ခုခု နဲ့ တစ်ခု လုပ်ရတာကွာ ပေမယ့် သဘောတရားက အတူတူပါပဲ။ ဥပမာ- C/C++ environment မှာဆိုရင် ပြင်ပက API အသစ် တစ်ခုခု နဲ့ ချိတ်ပြီး သုံးမယ်ဆိုရင် အဲဒီ API မှာ အပိုင်း နှစ်ပိုင်း ပါလာပါ လိမ့်မယ်။ ပထမ တစ်ခုက header file (include file) တွေ၊ ဒါမှမဟုတ် precompiled header file တွေ ပါပါတယ်။ နောက်တစ်ပိုင်းက compiled (binary ထုတ်ပြီးသား) library (.lib) file တွေ ပါပါတယ်။ ဒီဘောတရားက အခြေခံအားဖြင့် API အားလုံးမှာ အတူတူပါပဲ။ C/C++ programming IDE နဲ့ ချိတ်ဖို့အတွက် အဲဒီ အပိုင်း နှစ်ခုလုံးကို သုံးရပါတယ်။
ပထမအနေနဲ့က ကျွန်တော်တို့ သုံးနေတဲ့ IDE (Visual C++, DevC++, CodeWarrior, Borland C++) ရဲ့ setting တွေထဲမှာ ကျွန်တော်တို့ ရေးလိုက်တဲ့ program ကို compile လုပ်မယ် ဆိုရင် လိုအပ်တဲ့ header file တွေကို ဘယ်မှာ ရှာရမလည်း ဆိုတာ ပြောပေးရပါတယ်။ Access Path လို့လည်း ခေါ်နိုင်ပါတယ်။ ပုံမှန် အတိုင်းကတော့ အဲဒီ IDE မှာ default အနေနဲ့ ပါလာတဲ့ နေရာတွေကိုပဲ သွားရှာမှာ။ ဒါမှမဟုတ် ကျွန်တော် တို့ လက်ရှိ ရေးနေတဲ့ project ရှိနေတဲ့ folder မှာ လိုက်ရှာပါလိ့မ်မယ်။ တစ်ကယ်လို့ တစ်ခြား နေရာ တစ်ခု မှာလည်း ရှာစေချင်တယ် ဆိုရင် ကျွန်တော်တို့က IDE ကို ရှာရမယ့် path list ထဲမှာ ကျွန်တော်တို့ရဲ့ နေရာ ကို ပြောပြထားလို့ ရပါတယ်။ (GLUT နဲ့ ချိတ်တဲ့ ပုံစံမှာ ကျွန်တော် လုပ်ပြထားပြီးသားပါ)။
နောက်တစ်ပိုင်းက library file တွေကိုလည်း လိုအပ်လာရင် ဘယ်မှာ ရှာပါ ဆိုတဲ့ list ထဲမှာ ကျွန်တော်တို့ ရဲ့ external library file တွေကိုထားတဲ့ နေရာကို ပြောထားဖို့ လိုပါမယ်။ Header file တွေကို ဘယ်မှာ ရှာရမယ်၊ lib file တွေကို ဘယ်မှာ ရှာရမယ် ဆိုတာ နှစ်ခုလုံးကို ပြောထားမှ အလုပ်လုပ်ပါလိမ့်မယ်။
နောက်တစ်ခု သတိထားရမှာက များသောအားဖြင့် lib file တွေကို ဘယ်မှာရရမယ်ဆိုတဲ့ path ကိုပဲ ပြောလို့ တစ်ခါတစ်လေ အဆင်မပြေပါဘူး။ ဒါကြောင့် သေချာအောင် lib file တွေကို ကိုယ့်ရဲ့ project ထဲမှာ တစ်ခါ ထဲ Manually ပေါင်းထည့်ပေးထားဖို့ လိုပါတယ်။ ဒါမှသာ compile / build လုပ်တဲ့ အချိန်မှာ error မတွေ့မှာ ပါ။
ဒီတော့ ပြင်ပက external API တစ်ခုခုကို ကိုယ့်ရဲ့ programming IDE တစ်ခုနဲ့ ချိတ်ဆက်ပြီး program တွေ develop လုပ်မယ်ဆိုရင် အပေါ်က နှစ်ချက်ကို စဉ်းစားရပါမယ်။ ဘယ် IDE မှာမဆို ဒီ သဘောတရားက အတူတူပါပဲ။ IDE အပေါ် မူတည်ပြီး လုပ်ရတာပဲ ကွာသွားတာပါ။ နမူနာ သဘောတရားကို ကြည့်ချင်တယ် ဆိုရင် GLUT နဲ့ Visual C++ နဲ့ ချိတ်တာကို ကျွန်တော် ရေးပြ ထားပါတယ်။
အခု ကျွန်တော် DirectX application တွေကို ရေးဖို့အတွက် DirectX API နဲ့ Visual C++ ကို ဘယ်လို ချိတ်ဆက်ပြီး သုံးမယ် ဆိုတာ ရှင်းပြပေးပါ့မယ်။
DirectX API ကို သုံးဖို့အတွက် တစ်ကယ်က Microsoft website ကနေ download ဆွဲတဲ့ DirectX SDK တစ်ခုလုံးကြီး မလိုပါဘူး။ အဲဒီ SDK ထဲမှာက တစ်ခြား manual တွေ၊ helper နဲ့ extra library တွေ၊ နမူနာ sample program တွေနဲ့မို့ အရမ်းကြီးနေတာ။ တစ်ကယ်တမ်း ကျွန်တော်တို့ လိုတာက အပေါ်မှာ ပြောထား သလို DirectX အတွက်လိုအပ်တဲ့ header file (include file) နဲ့ lib file တွေရှိရင် လုံလောက်ပါတယ်။ အခြေခံ လိုအပ်တဲ့ DirectX API အတွက် file လေးတွေကို ကျွန်တော် ZIP file လုပ်ပြီး ဒီ Link မှာတင်ထား ပေးပါတယ်။ အဲဒါကို ယူလို့ ရပါတယ်။


http://www.4shared.com/file/63153860/ef3d946a/DirectX9_SDK.html

အခု ကျွန်တော်ပေးထားတဲ့ DirectX က version 9 ပါ။ အရင်က DirectX 7 နဲ့ ရှေ့က version အဟောင်း တွေနဲ့ DX9 နဲ့က ရေးရတာ နဲနဲကွာပါတယ်။ ဖြစ်နိုင်ရင် DirectX 9 ကိုပဲ သုံးပါ။ သူ့မှာ တစ်ခြား ရေးရတာ လွယ်အောင် လုပ်ပေးတဲ့ helper function တွေပါပါတယ်။ ပိုပြီး လွယ်ချင်ရင်တော့ SDL (Simple DirectMedia Layer) ဆိုတဲ့ API ကို သုံးကြည့်ပါ။ ရေးရတာ အရမ်းသက်သာပါ လိမ့်မယ်။
ထားပါတော့... လောလောဆယ်က ကျွန်တော် Visual C++ နဲ့ DX9 API နဲ့ ချိတ်တာကို ပြောပါမယ်။ လွယ်လွယ် လေးပါ။ DX header နဲ့ lib တွေပါတဲ့ folder ကို hard disk ထဲကို download လုပ်ပါ။ ပြီးရင် Visual C++ ရဲ့ Directory path က include နဲ့ library file တွေအတွက် လိုအပ်တဲ့ path တွေမှာ ခုနက download ဆွဲထားတဲ့ folder တွေရဲ့ လမ်းကြောင်းလေးတွေကို ထည့်ပေးလိုက်ပါ။
တစ်ကယ်တမ်း project ကို အလုပ်လုပ်ဖို့ အတွက် သက်ဆိုင်ရာ DX library file လေးတွေကို ကိုယ့်ရဲ့ project ထဲမှာ ပေါင်းထည့် ပေးဖို့ မမေ့နဲ့နော်။
တစ်ခု သတိထားရမှာက ကျွန်တော်တို့က DX 9 ကို သုံးပြီး ကျွန်တော်တို့ရဲ့ application ကို ဖန်တီးမယ် ဆိုရင် အဲဒီ application ကို run မယ့် ကွန်ပျူတာထဲမှာ DX 9 (runtime DLL) တွေရှိရပါမယ်။ SDK ရှိဖို့ မလိုပါဘူး။
Windows XP (service pack 1) မှာ DX 8.1 တစ်ခါထဲ ပါလာပြီးသားပါ။ Windows XP (service pack 2) မှာ DX 9 ပါလာပြီးသားပါ။ Windows Vista မှာ DX 10 ပါပါတယ်။ ကျွန်တော်ပြောတာ run time တွေကို ပြောတာနော်။ SDK မပါဘူး။ ကိုယ့်စက်ထဲမှာ ဘယ် DirectX version ရှိနေလည်း သိချင်ရင် Start Menu က Run ကို သွားပြီး.. DXDIAG လို့ ရိုက်ပြီး DirectX dialog box ကို ဖွင့်ကြည့်လို့ရပါတယ်။ DirectX ကို သီးသန့် download လုပ်ပြီး install လုပ်ယူလို့လည်း ရပါတယ်။

တစ်ကယ်တမ်း DirectX program ကို ရေးရတာ OpenGL ထက်ပိုပြီး ရှုပ်တယ်လို့ ထင်ရပါတယ်။ DirectX က graphic တစ်ခုထဲ အတွက် လုပ်ထားတာ မဟုတ်ပါဘူး။ Input devices, network, sound, music စတာတွေ နဲ့ အကုန် အလုပ်လုပ် နိုင်အောင် လုပ်ထားတာပါ။ DirexctX programming သဘောတရားတွေကို အချိန်ရရင် နောက်မှ ရေးပါဦးမယ်။

ဒါဆိုရင် DirectX မှ မဟုတ်ပါဘူး၊ တစ်ခြားဘယ် API နဲ့ မဆို ကိုယ့်ရဲ့ VC++ IDE နဲ့ ချိတ်ဆက်တဲ့ သဘော တရားကို နားလည်မယ် လို့ မျှော်လင့်ပါတယ်။ SDL Library ကလည်း ဒီအတိုင်းပဲ ချိတ်ရတာပါပဲ။

0 comments:

Post a Comment