Wednesday, December 31, 2008

Happy New Year 2009...!!!

အခုတစ်လော အလုပ်တွေ အရမ်းများနေတာနဲ့ ကျွန်တော့ blog လေးကို တောင် update မလုပ်ဖြစ်တာ ကြာခဲ့ပြီပဲ။
ဒီနေ့ ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံးနေ့လေ။ ရှေ့မှာ ၂၀၀၉ ဆိုတဲ့ နှစ်သစ်က ကျွန်တော်တို့ကို စောင့်နေလေရဲ့။
၂၀၀၇ က စလို့ ကျွန်တော့ ဘ၀မှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ရတယ်။ ၂၀၀၇ ရဲ့ မမေ့နိုင်စရာ ကတော့ ကျွန်တော် မွေးဖွားကြီးပြင်း ရှင်သန်ခဲ့ရတဲ့၊ လူလားမြောက်ခဲ့ရတဲ့ အမိမြေ မြန်မာနိုင်ငံကို ကျွန်တော် ခွဲခွာခဲ့ရတာပဲပေါ့။ လေယာဉ်စတက်လို့ မြန်မာ့ မြေကနေ ခွာလိုက်တဲ့ အချိန်မှာ ခံစားလိုက်ရတဲ့ ကျွန်တော့ ရင်ထဲက ခံစားချက်ကို ကျွန်တော် ဘယ်တော့မှ မေ့လို့ ရမှာ မဟုတ်ပါဘူး။
ဟုတ်တယ်လေ။ အခြေအနေ အကြောင်းကြောင်းတွေကြောင့် ကျွန်တော် အမိမြေ နဲ့ အဝေးမှာ ရောက်နေ ရပေမယ့် ကျွန်တော့ အမိမြန်မာပြည် ကို ကျွန်တော့ ဘယ်တော့မှ မမေ့ပါဘူး။ ကျွန်တော် လူ့လောကထဲကို ၀င်ရောက် ကြီးပြင်းခဲ့ရတဲ့ အမိမြေရဲ့ ကျေးဇူးတွေ ကျွန်တော့ အပေါ်မှာ အများကြီး ရှိခဲ့တာပဲလေ။
ဘယ်နိုင်ငံမှာ ဘာကို လုပ်လုပ် မင်းအမြဲမှတ်ပါ မင်းမြန်မာ” ဆိုတဲ့ စာသားလေးကို (အခုထိတော့) ကျွန်တော့ ရင်ထဲမှာ သိမ်းထားမိပါတယ်။
၂၀၀၇ ခုနှစ်မှာ ကျွန်တော် NTU တက်ဖို့ အမိမြေကနေ Singapore ကို ရောက်ခဲ့ ရတာကိုက ကျွန်တော့ ဘ၀အတွက် ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုပေါ့။

၂၀၀၈ ခုနှစ်ကလည်း ကျွန်တော့ အတွက်တော့ မမေ့နိုင်စရာ အဖြစ်တွေကို ပေးခဲ့တာပါပဲ။ ၂၀၀၈ ခုနှစ်ရဲ့ ပထမ နှစ်ဝက်မှာ ကျွန်တော့ အတွက် ဘ၀လက်တွဲဖေါ် ချစ်သူလေး တစ်ယောက်ကို ကျွန်တော့ဘ၀ထဲကို ပိုင်ဆိုင်ခွင့် ရခဲ့တယ်။ ကျွန်တော့ အတွက်တော့ ကြီးမားတဲ့ ရလဒ် တစ်ပါပဲ။ ပြီးတော့ ကျွန်တော် လုပ်ချင်တဲ့၊ ၀ါသနာပါတဲ့ game programmer အလုပ်ကို လုပ်ခွင့်ရခဲ့တယ်။ ကျွန်တော့ ဘ၀ အတွက် လမ်းကြောင်းတစ်ခု ပေါ်ကို တက်နိုင်ခဲ့တယ် လို့ပဲ ပြောရမှာပေါ့။ ဒါတွေက ကျွန်တော့ ဘ၀အတွက် မမေ့နိုင်စရာ အဖြစ်တွေပဲ မဟုတ်လား။ မိတ်ဆွေသစ်၊ သူငယ်ချင်း သစ်တွေကို ကျွန်တော် ရခဲ့တယ်။ အတွေ့အကြုံသစ်တွေ၊ ခံစားချက် အသစ်တွေ ရခဲ့တယ်လေ။

ရှေ့မှာ ၂၀၀၉ က ကျွန်တော်တို့ကို စောင့်နေလေရဲ့။ နှစ်သစ် ပေါင်းများစွာကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ ပြီးပေမယ့် အခုအချိန်ထိ “နှစ်သစ်” ကို ရင်ခုန်မိနေတာတော့ အမှန်ပဲ။ အမှန်တော့ လူတွေကပဲ သတ်မှတ် ထားတဲ့ အချိန် အပိုင်း အခြား တစ်ခုပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ သိပ်မကြာခင်မှာ ၂၀၀၈ ကို နှုတ်ဆက်ပြီး ၂၀၀၉ ဆိုတဲ့ နှစ်သစ်ထဲကို သွားရတော့မယ်။ ကျွန်တော် နဲ့ ပါတ်သက်သူ၊ ရင်းနှီးသူ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း အားလုံးအတွက် ၂၀၀၉ နှစ်သစ်မှာ အစစ အရာအရာ အောင်မြင်ခြင်းတွေ၊ ပျော်ရွှင်ခြင်းတွေ နဲ့ ပြည့်စုံကြပါစေ လို့ ဆုတောင်းပါတယ်ဗျာ....